Wednesday 31 August 2011

ခရီးစဉ်

ဘလော့ဖတ်တဲ့သူတွေ ဖတ်ရတာ ပိုအဆင်ပြေအောင်လိုVancouver မြို့အကြောင်း ဆက်မရေးခင်မှာ ခရီးစဉ် အကြမ်းဖြင်းကို အရင်ဆုံးရေးပေးပါ့မယ်။ ခရီးစဉ်မရေးဘဲ တစ်မြို့ပြီးတစ်မြို့ ရေးသွားလို့ရှိရင် ဘယ်မြို့ပြီး ဘယ်မြို့လာမှန်းမသိ၊ အထက်ကနေ အောက်ကိုသွားနေလား၊ တောင်ကနေမြောက်ကိုသွားနေလား၊ ဘယ်ကနေ ဘယ်ကို သွားနေမှန်းမသိရင် ဖတ်ရတာ ခေါင်းစားပါလိမ့်မယ်။ ခေါင်းလည်းမစားအောင်၊ ကနေဒါမြို့တွေအနေအထားလည်း ဘလော့ဖတ်တဲ့သူတွေ တီးမိခေါက်မိရှိသွားအောင်လို့ ခရီးစဉ် အကြမ်းဖျဉ်း ချပြပါ့မယ်။


ရထားဂိတ်ဆုံးတဲ့မြို့က Vancouver မြို့ဆိုတာ ဘလော့ဖတ်တဲ့သူတွေ သိပြီးလောက်ပါပြီ။ ကျွန်တော့ ခရီးစဉ်ကတော့ Vancouver မြို့မှာ ၂ည အိပ်မယ်၊ ပြီးတာနဲ့ Vancouver ကျွန်းပေါ်မှာရှိတဲ့ British Columbia ပြည်နယ်ရဲ့မြို့တော် Victoria ကိုသွားမှာပါ။ အဲဒီမြို့မှာ သိပ်လည်စရာလည်း မရှိတာနဲ့ ၁ညဘဲနားပါမယ်။ Victoria မြို့ကနေမှ မနက်စောစော ဘတ်စ်ကားနဲ့ အဲဒီကျွန်းရဲ့ အလယ်ပိုင်း အနောက်ဘက်စွန်းစွန်းမှာ ရှိတဲ့ ပစိဖိတ်သမုဒ္ဒရာကမ်းပေါ်က Tofino မြို့လေးကို သွားမှာပါ။ ဒီမြို့မှာတော့ ဝေလငါးကြည့်ဘို့ အစီအစဉ်ရှိတာနဲ့ ၂ည နားပါမယ်။

ဒီမြို့ပြီးတာနဲ့ Vancouver Island ကနေ mainland ကို ferry နဲ့ပြန်ကူပြီးတော့ ဆောင်းအိုလံပစ်ပွဲလုပ်တဲ့ Whistler မြို့ကို ဘတ်စ်ကားနဲ့ သွားပါ့မယ်။ အဲဒီမြို့မှာတော့ activities တွေ အများကြီး လုပ်မှာမို့ ၃ည စတည်းချပါ့မယ်။


Whistler ကနေမှတစ်ဆင့် Alberta ပြည်နယ်ထဲမှာရှိတဲ့ Banff ကို သွားပါမယ်။ တိုးကားနဲ့ နေရာတော်တော်များများသွားမှာမို့ Banff မှာလည်း ၃ညနားပါမယ်။


Banff ကနေ တစ်ဆင့် မနက်ပိုင်း ဘတ်စ်ကားနဲ့ ကီလိုမီတာ ၅၀ ၀န်းကျင်လောက်မှာရှိတဲ့ Lake Louise ရွာကို သွားမှာပါ။ အဲဒီမှာတော့ hiking နေရာအနှံ့လုပ်ဖို့ စိတ်ကူးထားလို့ ၁၀ရက်နေဖို့ စီစဉ်ထားပါတယ်။ ဒါပေမယ့် ရောက်သွားတော့ သွားစရာတွေ ထပ်တွေ့လာတာနဲ့ နောက်ထပ် ၂ရက် ထပ်တိုးဖြစ်သွားပါတယ်။


Lake Louise ကနေမှ Jasper ဆိုတဲ့ မြို့ကို ဆက်သွားပါမယ်။ Jasper မှာတော့ ၃ညနားဖြစ်ပါတယ်။ အဲဒီကနေမှ Edmonton မြို့ကို ဘတ်စ်ကားနဲ့ကူးပြီးတော့ ညနေစောင်း လေယာဉ်နဲ့ တာထွက်မြို့ တိုရန်တိုကို ပြန်မှာပါ။ ဘလော့ဖတ်တဲ့သူတွေ မျက်စေ့ထဲ မြင်သာအောင်လို့ မြေပုံပေါ်မှာ ပြရရင် -


ကနေဒါမြို့မြေပုံ

အနီရောင်နဲ့ဝိုက်ထားတာတော့ခရီးစဉ်ထဲကမြို့တွေပါ

No comments:

Post a Comment