Tuesday 23 August 2011

DAY FOUR - JASPER

ဒီနေ့ကတော့ ဇူလိုင်လ ၁ရက်နေ့ကျပါတယ်။ ဇူလိုင်လ ၁ရက်နေ့က ဘာနေ့လည်းဆိုတာပြောရရင် ကနေဒါနိုင်ငံရဲ့မွေးနေ့ပါ။ အတိအကျပြောရရင်တော့ နိုင်ငံတည်ထောင်တာ နှစ်၁၄၄နှစ်ပြည့်တဲ့ နေ့ပေါ့ဗျာ။ ဒါကြောင့် မနေ့ညကတည်းက နားနေခန်းထဲက ၀ိုက်ဘုတ်ပေါ်မှာ ဒီနေ့ ၁၂နာရီမှာ နားနေခန်း ၂တွဲစလုံးမှာ ကိတ်မုန့်နဲ့ စည်စည်ပင်ပင် celebrate လုပ်မယ်ဆိုတဲ့အကြောင်း ကြော်ငြာထားပါတယ်။

အဲဒီတော့ ၁၂ နာရီထိုးခါနီးတော့ ကျွန်တော်လည်း နားနေခန်းရှိရာဘက် လစ်လာလိုက်တယ်။ နားနေခန်းရောက်တော့ တာဝန်ကျတဲ့ ၀န်ထမ်းက အလှံတွေလိုက်ဝေနေတယ်။ ကျွန်တော်လည်း သူကမ်းပေးတဲ့ အလှံယူပြီးတော့ ခုံလွတ်မကျန်တော့တာနဲ့ ဘေးမှာ သွားရပ်နေလိုက်တယ်။ လူတော့တော်တော်များသား။


ကိတ်မုန့်

ခဏနေတော့ နိုင်ငံတော် သီချင်းဆိုပြီး ကိတ်မုန့်စလှီးပါတယ်။ တာဝန်ကျတဲ့ ၀န်ထမ်းလည်း ကိန်မုန့်တွေ ကမ်းပေးနေရာကနေ ပင်ပန်းလို့နဲ့တူပါတယ် ထွက်သွားလိုက်တာ တော်တော်နဲ့ ပြန်ပေါ်မလာတော့ဘူး။ ဒါနဲ့ဘဲ လူတွေ ကိုယ့်ဟာနဲ့ကို ကြိုက်သလောက် လှီးစားကြတော့တယ်။ ရထားပေါ်မှာ ဖုတ်တာဆိုတော့ စတိုင်က သိပ်မမိုက်ဘူးပေါ့ဗျာ။ ဒါပေမယ့် အရသာကတော့ မွမွလေးနဲ့ စားလို့တော့ ကောင်းသားဗျ။

နေ့လည် ၁နာရီလောက်ကျတော့ Jasper မြို့ကိုဆိုက်ပါတယ်။ မဆိုက်ခင်လေးတင် ဒီမြို့မှာ တစ်နာရီလောက်နားမှာမို့လို့ မြို့ထဲမှာ ကနေဒါနေ့ပွဲလှည့်တာ ကြည့်ခြင်ရင် သွားကြည့်လို့ရတဲ့အကြောင်း ၀န်ထမ်းတစ်ယောက်ကနေ လာပြောသွားတယ်။

မြို့ထဲဆိုလို့ အဝေးကြီးတော့ မထင်လိုက်နဲ့။ မြို့က နယ်မြို့ဆိုတော့ သေးသေးလေးဖြစ်တဲ့အပြင်ကို ဘူတာက မြို့လယ်ခေါင်မှာဆိုတော့ ဘူတာထဲကနေ ထွက်လိုက်တာနဲ့ မြို့ထဲဘဲ။ တော်တော်လေးအဆင်ပြေတယ်။ ရထားဆိုက်တော့ ကျွန်တော်လည်း နာနေခန်းထဲကနေ ထွက်လာလိုက်တယ်။

ဘူတာကတော့ နယ်မြို့ဘူတာဆိုတဲ့အတိုင်း ခပ်သေးသေးပေါ့ဗျာ။ Rockies နယ်မြေထဲမှာဆိုတော့ အဝေးမှာတော့ တောင်တန်းတွေနဲ့ပေါ့။ ဒီမြို့မှာ စင်းတဲ့ ရထားပေါ်က အသိမိတ်ဆွေတွေကို နှုတ်ဆက်ပြီးတော့ ပွဲကြီးဖို့ ထွက်လာလိုက်တယ်။

  ဘူတာ
 ဘူတာအတွင်းပိုင်း

အပြင်ဘက်ရောက်တာနဲ့ လမ်းတစ်လျှောက် ဘယ်ညာမှာ ပွဲကြည့်ဖို့ စောင့်နေတဲ့ လူတန်းကြီးကို လှမ်းတွေ့လိုက်ရတယ်။  ပွဲကတော့ မစသေးပါဘူး။ ၁၀ မိနစ်လောက်နေတော့မှ ကားတန်းကြီး ပေါ်လာတယ်။ အဲဒီအခါကျမှ အလှံတွေ ရမ်းတဲ့သူကရမ်း....ဓါတ်ပုံရိုက်တဲ့သူကရိုက်ပေါ့ဗျာ...ရှုပ်ရှပ်ကိုခက်သွားတာဘဲ။ အဲဒီအထဲမှာတော့ ကျွန်တော်ရယ် ဖိလစ်ပိုင် လင်မယားစုံတွဲကတော့ အဆိုးဆုံးပေါ့ဗျာ။ ရိုက်လိုက်ကျတဲ့ ဓါပုံတွေ ပါပရာဇီတွေကျနေတာဘဲ..တဖြတ်ဖြတ်နဲ့။


ပွဲကြီးနေတဲ့လူအုပ်


အလှပြကားတွေကနေ သကြားလုံးတွေ လှမ်းကျဲတော့ ပွဲပိုစည်သွားပါတယ်..အလုအယက်ကောက်နေတဲ့ ကလေးတွေနဲ့..မရလိုက်လို့ လှမ်းအော်တောင်းနေတဲ့သူတွေနဲ့....အလှပြကားတွေကတော့ တစ်စီးပြီးတစ်စီး ပေါ့ဗျာ။

 အင်ဒီယန်းအလှပြကား

တီးဝိုင်း
ပွဲပြီး ခဏနေတော့ ရထားထွက်ဖို့ အချိန်နီးတာနဲ့ ကျွန်တော်လည်း ရှုခင်းတွေ ဓါတ်ပုံရိုက်ပြီး ပြန်လာလိုက်တယ်။

No comments:

Post a Comment