Friday 12 August 2011

VIARAIL ဖြင့် အနောက်သို့

ကိုယ့်အိတ်ကိုယ် သိပ်မလေးလောက်ဘူး ထင်နေတာ လွယ်ကြည့်ခါမှာ တော်တော်လေးပါလားဆိုတာ သဘောပေါက်သွားတယ်။ ယူသွားမှာ အဲဒီတစ်အိတ်ပဲလို့ ထင်ရင်တော့ မှားသွားလိမ့်မယ်...ဗန်ကူးအထိကို လေးရက်တောင်ကြာမှာဆိုတော့ အဲဒီလေးရက်အတွင်းမှာ check-in လုပ်တဲ့အိတ်ကို
ထိခွင့်ရှိမှာမဟုတ်ဘူးပြောထားတော့ ရထားပေါ်မှာ လဲဖို့ပြုဖို့ အ၀တ်အစားတချို့နဲ့၊ ဖတ်ဖို့စာအုပ်ကို ကျောပိုးအိတ်နောက်တစ်လုံးနဲ့ ခွဲထည့်ထားရသေးတယ်။ အဲဒီတော့ ကျောပိုးအိတ် နှစ်လုံးနဲ့ပေါ့ဗျာ...ကားငှားရမှာလည်း ပိုက်စံအကုန်မခံခြင်တော့တာနဲ့ ....ကို့ရို့ကားရားနဲ့ဘဲ..မြေအောက်ရထားစီးပြီး ဘူတာသွားလိုက်တော့တယ်။

ည၈နာရီကျော်နေပြီဆိုတော့ ရထားပေါ်မှာ လူတော်တော်လေးရှင်းနေပါတယ်။ တစ်တွဲလုံးမှာမှ အိုင်ပေါ့နဲ့ညိမ့်နေတဲ့ ဆယ်ကျော်သက် ဂေါ့သစ်မလေး၊ အိပ်ငိုက်နေတဲ့ လူလတ်ပိုင်း တစ်ယောက်နဲ့ စာဖတ်နေတဲ့ အဒေါ်ကြီးတစ်ယောက်ဘဲရှိတယ်။

ရထားထွက်မယ့်ဘူတာက မြေအောက်ရထားဘူတာနဲ့ဆက်ရက်ဆိုတော့ အဆင်တော့ပြေသား... ဘူတာကနေဆင်း၊ ၁၀မိနစ်ဝန်းကျင်လောက် လမ်းလျှောက်လိုက်တာနဲ့ boarding pass ထုတ်တဲ့ kiosk တွေထားတဲ့ နေရာရောက်သွားတာပါဘဲ။ အဲဒီမှာ boarding pass ထုတ်၊ boarding pass ရတာနဲ့ baggage check-in သွားလုပ်၊ ပြီးတာနဲ့ ထမင်းစားချိန် ရွေးတဲ့ ကောင်တာမှာ သွားတန်းစီရပါတယ်။

ထမင်းစားချိန်ဆိုတာကတော့ဗျာ ထမင်းစားတွဲ နှစ်တွဲပါပေမယ့် နှစ်တွဲလုံးမှာ ခရီးသည်တွေအားလုံး တစ်ပြိုင်နက်ထဲ ကျွေးဖို့ မဆန့်တော့ Lunch နဲ့ Dinner ကို နှစ်ချိန်ခွဲပြီးကျွေးတဲ့သဘောပါ။ Lunch ဆိုရင် ၁၁နာရီနဲ့၂နာရီဆိုပြီးတော့ နှစ်ချိန်ထားပါတယ်။ Dinner ကျတော့ ၅နာရီနဲ့ ၉နာရီပေါ့ဗျာ။ ရှေ့ကလူတွေ ရွေးသွားတဲ့အချိန်ပေါ်မူတည်ပြီးတော့ ကိုယ်ကတကယ်လို့ နောက်ကျမှ ရောက်တာဆိုရင် ၁၁နာရီ/၅နာရီ အချိန်မျိုးမှာ လူပြည့်သွားတာမျိုးနဲ့ ကြုံရပါတယ်။ အဲဒီအခါ ရွေးလို့မရတော့ပါဘူး။ ကျွန်တော်ကတော့ အရောက်စောလို့ လူကြိုက်များတဲ့ အစောပိုင်းအချိန်တွေ ရွေးခွင့်ရလိုက်တယ်။ နောက်ပိုင်းလူတွေကျတော့ ရွေးခွင့်မရှိတော့ဘူး။

ထမင်းစားချိန်ရွေးပြီးတော့ ကျွန်တော်လည်း အိပ်စင်တန်း ခရီးသည်တွေစောင့်တဲ့ lounge ထဲမှာ သွားစောင့်နေလိုက်တယ်။

Lounge
 ခရီးသွားတွေအတွက် ကော်ဖီအအေး
Lounge

* ပုံကြီးချဲ့ခြင်ရင် ပုံပေါ်မှာ click သာ လုပ်လိုက်ပါ *

ရထားထွက်မယ့် ၁၀နာရီထိုးခါနီးတော့ သောက်ထားတဲ့ရေ အစွမ်းပြတာနဲ့ အိမ်သာပြေးခါမှ မမျှော်လင့်ဘဲ ပြဿနာတစ်ခု တက်ပါလေရော။ ဖြစ်ပုံက အိမ်သာက ကျားမရောလျက် တစ်လုံးထဲ၊ ကျွန်တော်ပြန်အထွက်မှာ ၀င်သွားတဲ့ အသက်ခပ်ကြီးကြီး အမျိုးသမီးက အိမ်သာခွေ ပြန်မချထားတာတွေ့တော့ မချရကောင်းလားဆိုပြီး ချိုကြည့်ကြည့်သွားတယ်။ ကျွန်တော်လည်း ရှေ့က၀င်သွားတဲ့ အန်ကယ်ကြီး ပြန်ချမသွားတော့ အမူမဲ့အမှတ်မဲ့ မလုပ်ပေးလိုက်မိဘူး။ တကယ်တန်း ဒီဘက် ယဉ်ကျေးမူအရဆို ဘုံအိမ်သာတွေမှာ အမျိုးသမီးတွေ ခွေကိုင်စရာမလိုအောင် အမျိုးသားတွေက သုံးပြီးတာနဲ့ ပြန်ချပေးရတယ် ထုံးစံရှိတယ်လေ။ Boarding လုပ်ချိန်ရောက်တော့ attendants တွေ ညွှန်တဲ့အတိုင်း ကိုယ့်အတွဲရှိရာဘက် ထွက်လာလိုက်တယ်။







No comments:

Post a Comment