Tuesday 6 September 2011

အနောက်ကမ်းမြို့တော် (Day 1)

မနက်၉နာရီလောက်ကျတော့ ဗန်းကူးမြို့ကို ရထားဆိုက်ပါတယ်။ ပစ္စည်းတွေကတော့ ညကတည်းက အဆင်သင့် ထုတ်ပိုးထားတော့ လွယ်ပါတယ်..အထုတ်ဆွဲပြီး ဆင်းယုံပါဘဲ။ ဘူတာကတော့ မြို့ကြီးဘူတာသာဆိုတယ် ရန်ကုန်ဘူတာလောက်တောင် ကြီးတယ်မထင်ဘူး။ ရန်ကုန်ဘူတာထက်စာရင် သန့်တာလေးတစ်ခုဘဲ။ ရထားစီးတဲ့လူ သိပ်မရှိလို့ ဘူတာအကြီးကြီးမလိုတာလဲ ဖြစ်နိုင်ပါတယ်။ ရထားဝန်ထမ်းအပြောအရဆို အစိုးရစီက ထောက်ပံ့ကြေးနဲ့လည်နေတာတဲ့။ ရှုံးတာများပါတယ်တဲ့ခင်ဗျာ။

ဘူတာရုံ



ဘူတာထဲရောက်တော့ အပ်ထားတဲ့ ကျော်ပိုးအိတ်စောင့်ရင်း စိတ်ထဲမှာတော့ ဟာတာတာဘဲဗျ။ အရင်ခရီးတွေမှာ အပေါင်းအသင်းတွေနဲ့ ဖြစ်ရင်ဖြစ်၊ မဖြစ်ရင် ဆင်းတဲ့နေရာမှာ ကြိုမယ့်လူက အဆင်သင့်ရောက်နေပြီးသားဆိုတော့ အခုလို ကြိုမယ့်လူမရှိ၊ အပေါင်းအသင်းလည်းမပါဆိုတော့ တခုခုတော့ လိုနေသလိုဘဲ.....ဒါပေမယ့် လွတ်လည်းလွတ်လပ်သလို ခံစားရတယ်။


ကျော်ပိုးအိတ်ရတာနဲ့ ခပ်လှန်းလှန်းက ကားမှတ်တိုင်ကို သွားလိုက်တယ်။ ကံကောင်းခြင်တော့ ရပ်ထားတဲ့ကားက တည်းမယ့် Hi-Hostel နဲ့ တစ်ဘလောက် အကွာလောက်မှာ ရပ်မယ်ဆိုတော့ အဆင်ချောသွားတယ်။


ဗန်းကူးဘားမြို့ကတော့ အပန်းဖြေမြို့လိုဘဲ..လူတွေကြည့်ရတာလည်း ပေါ့ပေါ့ပါးပါးနဲ့..သိပ်ပြီး စိတ်ဖိစီးနေတဲ့ပုံမျိုးမပေါ်ဘူး။

အဆောင်ရောက်တာနဲ့ check-in လုပ်မယ်လုပ်တော့ Receptionist က အချိန်မကျသေးဘူးဆိုတာနဲ့ အထုတ်အပ်လို့ရမရ မေးလိုက်တယ်။ အဲဒီ အမျိုးသမီးစတိုင်ကို ဖောက်သည်ချရရင်ဖြင့် တော်တော်တော့မိုက်သား..ဟော်တယ်ဝန်ထမ်းတွေလို ဘလောက်စ်တွေဘာတွေနဲ့တော့ မထင်နဲ့...သာရည်ဂျက်ကင်နဲ့ မျက်နှာမှာလည်း နားကွင်းတွေ ဗလပွနဲ့...ဂေါ်တယ်ပေါ့ဗျာ။ Check-in မလုပ်ရသေးလည်း အထုတ်အပ်လို့ရတယ်ဆိုတော့ အဆင်ပြေသွားတယ်။

အထုတ်ထားတဲ့နေရာကတော့ စတိုခန်းလိုအခန်းမျိုးကို အထဲမှာ အထုတ်တွေတင်ဘို့အတွက် သံစင်တွေ စင်ထားတယ်။ သူတို့ပေးတဲ့ tag ကလေးတွေကို ကိုယ့်အထုတ်မှာချီပြီး ထားခဲ့ယုံဘဲ။ ပြီးတာနဲ့ ၀န်ထမ်းက တံခါးလော့ချလိုက်ရော။

အထုတ်ထားပြီးတာနဲ့ နားကွင်း အမျိုးသမီးစီမှာ မြေပုံတောင်းပြီးတော့ ငါးပြတိုက်ကို ဘယ်လိုသွားရမလဲ သွားမေးလိုက်တယ်။ စင်းခဲ့တဲ့ကားမှတ်တိုင်ကနေ ငါးပြတိုက်နားရောက်တဲ့ကား စောင့်စီးလို့ရတယ်ဆိုတော့ အဆင်ပြေသွားတယ်။ မှတ်တိုင်နားရောက်ခါနီးမှ ဒီနေ့သွားမယ့်နေရာတွေစာရင်း အထုတ်ထဲမှာ ကျန်ခဲ့လို့ တစ်ခေါက်ပြန်ပြီးယူလိုက်ရသေးတယ်။


ဘယ်တွေသွားမှာလဲ 
အစီစဉ်ကတော့ အရင်ဆုံး Stanley Park ထဲက ငါးပြတိုက်သွားမယ်၊ ငါးပြတိုက်ကနေမှ အဲဒီ ပန်းခြံထဲမှာဘဲ လုပ်နေတဲ့ အင်ဒီယန်းတွေရဲ့ ဈေးပွဲတော်မှာ အင်ဒီယန်းအစားအသောက်တွေ ၀ယ်စားလို့ရတယ် ကြော်ငြာထားတာနဲ့ သွားစမ်းကြည့်မယ်၊ အဲဒီကနေ Gastown က ရေနွေးငွေ့နဲ့လည်နေတဲ့ နာရီစီသွားမယ်၊ပြီးတာနဲ့ Science World ကနေ ဗန်ကူးဘားမြို့ ကမ်းခြေတစ်လျှောက် မြင်ဖူးတယ်ရှိအောင်Aqua bus(မော်တော်ဘုတ်အသေးစား) ကို  False Creek တစ်လျှောက်စီးပြီးတော့ Gransville ကျွန်းကိုသွားပါမယ်။

ငါးပြတိုက် 
ပြတိုက်နား ကားမရောက်တာဘဲလား၊ လမ်းညွှန်တဲ့လူဘဲမှားလားတော့ မပြောတတ်ဘူး ....ရောက်နိုးရောက်နိုးနဲ့ ဟိုမေးဒီမေးသွားလိုက်တာ ပြတိုက်ရောက်ဖို့ကို မှတ်တိုင်ကနေ ၁၅မိနစ်လောက် လမ်းလျှောက်လိုက်ရတယ်။ ပြတိုက်အ၀ရောက်တော့ လက်မှတ်ဝယ်ဖို့ တန်းစီနေကြတာ အရောက် ၅၀ လောက်ရှိမယ်။ တနင်္ဂနွေမိုလို့လည်းဖြစ်နိုင်ပါတယ်။ ပြတိုက်က ၀န်ထမ်းတစ်ယောက်ကတော့ Iphone နဲ့ Blackberry  သမားတွေကို လက်မှတ်ဝယ်ဖို့ တန်းစီမနေကျနဲ့၊ online ပေါ်မှာ ၀ယ်ပြီး ဖုန်းကနေ confirmation ပြလို့ရတယ်ဆိုပြီ လိုက်ပြောနေတယ်။ တွေးတော့တွေးလိုက်မိတယ်...ခရီးမထွက်ခင် ကြိုဝယ်ထားလိုက်ရင်ကောင်းမှာလို့၊ အခုတော့ နေပူထဲမှာ နာရီဝက်လောက် တန်းစီရမယ့် ကိန်းစိုက်နေတယ်။ မတတ်နိုင်ဘူးလေ...ရွေးစရာလမ်းမရှိတော့လည်း ခေါင်းအပူခံပြီး တန်းစီလိုက်တယ်။ ၄၅မိနစ်လောက်နေတော့မှ ကိုယ့်အလှည့်ရောက်တယ်။


ဝင်ဝင်ခြင်းတော့ လောဘီလိုအခန်းကျယ်ကြီးထဲကို ရောက်သွားတယ်။ အခန်းအလယ်လောက်မှာမှ အောက်ထက်က ငါးကန်တွေစီသွားတဲ့ လှေကားတစ်ခုထားထားတယ်။

အောက်ထက်ကငါးကန်

လောဘီကနေထွက်ရင် အပြင်ဘက်မှာတော့ လင်းပိုင်တို့၊ Beluga Whalesတို့၊ Sea Otter တို့လို အကောင်တွေအတွက် ကန်တွေရှိတယ်။ ဒီကန်တွေနဲ့မလှမ်းမကမ်းမှာတော့ Food Court တစ်ခုရှိတယ်။ Food court မှာလည်း လူကအပြည့်။ ကျွန်တော်လည်း မနက်စာ မစားရသေးတော့ ဗိုက်က ဆန္ဒပြနေတာနဲ့ အဲဒီဘက်ထွက်လာလိုက်တယ်။ Muffin နဲ့ ရေတစ်ဗူး မှာသောက်၊ ပြီးတာနဲ့ ငှက်ပြပွဲနဲ့ ငါးကြီးကန်တွေကြည့်ဖို့ ထွက်လာလိုက်တယ်။

Beluga Whale
Sea Otter

ငါးကြီးတွေကို အောက်ထပ် အခန်းကနေလည်း ကြည့်လို့ရပါသေးတယ် -
ငှက်ပြပွဲဆိုတာကတော့ ငှက်ထိန်းတဲ့သူတွေက ငှက်တွေကို သူတို့ နားစေခြင်တဲ့နေရာ နားခိုင်းတဲ့ ပွဲပါဘဲ။ အဓိကကတော့ ခိုင်းတာရတယ်ဆိုတာ ပြခြင်တာပါ။ စွန်၊ သိမ်းငှက်၊ လင်းဒ - ငှက်သုံးမျိုးနဲ့ပြသွားပါတယ်။  ဒါပေမယ့် သုံးကောင်လုံးကိုတော့ တစ်ပြိုင်ထဲ ပွဲမထုတ်ပါဘူး။ ပြောသွားတာတော့ ဒီငှက်တွေက ကိုယ့်ပိုင်နက်နဲ့ကိုယ်နေတာဆိုတော့ အချင်းချင်းထချကုန်မှာဆိုးလို့ပါတဲ့။ အဲဒါကြောင့် လှောင်ချိုင့်ထဲ တစ်ကောင် အရင်ဆုံး ပြန်ထည့်ပြီးမှ နောက်တစ်ကောင်ကို လွှတ်ပေးပါတယ်။ အဲဒီငှက်တွေကလည် နာမည်ကိုယ်စီနဲ့ဗျ။ နာမည်တွေတော့ ကျွန်တော်လည်းမေ့ကုန်ပြီ။ စွန်ဆိုရင် အဖိုအမစုံတွဲလေး။

လင်းဒ
ခေါင်းဖြူသိမ်းငှက်
စွန်
 ငှက်ပြပွဲပြီးတော့ အောက်က ငါးကန်းတွေဘက် ထွက်လာလိုက်တယ် -
Jellyfish
ငါးကန်တွေလျှောက်ကြည့်ရင်းနဲ့ တစ်နေရာကြတော့ 4D ရုပ်ရှင်ဆိုပြီး ကြောငြာထားတာတွေတော့ ကိုယ်လည်းတစ်ခါမှ မကြည့်ဖူးတာနဲ့ ကဲကြည့်ဖူးတယ်ရှိအောင် ကြည့်မယ်ကွာဆိုပြီးတော့ စမယ့်အချိန်၊ပြမယ့်ကားကို ကြော်ငြာဆိုင်းပုဒ်မှာသွားကြည့်လိုက်တယ်။ အချိန်ကတော့ တစ်နာရီဘဲလိုတော့တာနဲ့ ဆက်လျှောက်ကြည့်မနေတော့ဘဲနဲ့ ဂိတ်ဖွင့်တဲ့အချိန်မှာ တန်းပြီး တန်းစီလို့ရအောင် အဲဒီနေရာမှာဘဲ စောင့်နေလိုက်တယ်။ ပြမယ့်ကားကတော့ Discovery Planet Earth Series ထဲက Shallow Seas ပါ။

4D ရုံ
ဝန်ထမ်းတစ်ယောက်ကတော့ အ၀ကနေ မျက်မှန်တွေ ဝေပေးနေပါတယ်။ 4Dရုံရဲ့ထူးခြားချက်က ခုံတွေက  ကားထိုင်ခုံလို ခုံမျိုးတွေနဲ့ပါ။ အဲဒီခုံမျိုးကိုမှ သာရည်ဖုန်းနဲ့ လက်ယမ်းနဲ့ ကူရှင်ကခပ်မာမာ၊ ထိုင်လိုက်ရင် အိတယ်ဆိုယုံလေးဘဲ။ 4D ဆိုတာကတော့ 3D ရုပ်ရှင်ကိုမှ ပြကွက်နဲ့သင့်တော်တဲ့ တုန့်ပြန်မှုမျိုးကို ခုံကနေဖြစ်ရင်ဖြစ်မယ်၊ ရုပ်ရှင်ရုံထဲမှာ ဆင်ထာထဲ့ စက်တွေကနေဖြစ်ရင်ဖြစ်မယ် ပေးတာမျိုးပါဘဲ။ ဆိုလိုတာကတော့ဗျာ ပင်လယ်ကမ်းခြေပြကွက်မျိုးဆိုရင် ရုံထဲက ပန်ကာတွေနဲ့ ကမ်းခြေလေမျိုး ဖန်တီးတာမျိုး။ ရေကူးနေတဲ့ ဖျံကို ငါးမန်းက ခုန်ပြီး ပင့်စားတဲ့အကွက်မျိုးမှကြတော့ ငါမန်းရေထဲပြန်အကျနဲ့ တိုင်မင်ကိုက်ပြီးတော့ ရေမှုန်တွေဖြန်းတာမျိုး၊ မြွေတွေရေကူးနေတဲ့ အကွက်မှာကြတော့ ခုံအမှီကို vibrate လုပ်တာမျိုးတွေပေါ့။ 

Aboriginal Fair
နောက်ဆက်သွားရမယ့်နေရာတွေ ကျန်သေးတာနဲ့ ပွဲပြီးတာနဲ့ ကျွန်တော်လည်း ငါးပြတိုက်ကနေထွက်ပြီးတော့ အင်ဒီယန်းလူမျိုးတွေ ပွဲဈေးရှိတဲ့ဘက်ကို ဟိုမေးဒီမေးနဲ့သွားလိုက်တယ်။ အဲဒီပွဲက ၀င်ကြေးပေးရတယ်ဆိုပေမယ့် သဘောကျစရာကောင်းတာ ၀င်ပေါက်နှစ်ဖက်ရှိတဲ့အထဲမှာ တစ်ဖက်မှာဘဲ ပိုက်စံကောက်တဲ့လူရှိတယ်။ ကျန်တဲ့တစ်ဘက်မှာ လူမရှိဘူး။ အဲဒီဘက်က ၀င်လို့ကတော့ ပိုက်စံ ပေးစရာတောင် လိုမယ်မထင်ဘူး။
ကျွန်တော် လာတဲ့ဘက်က လူမရှိတဲ့ဘက်အခြမ်းဖြစ်နေတော့ ပိုက်စံပေးရမှန်းမသိဘူး။ ၀င်သွားပြီးတော့မှ ပွဲဈေးဆိုတာလေးက အဖြစ်ပွဲဈေးလေးဆိုတော့ ကိုယ့်သွားမယ့် ပွဲဈေးမှ ဟုတ်ရဲ့လားလို့ သေခြာအောင် မေးခြင်တာနဲ့ ဆိုင်တွေအဆုံးမှာတွေ့တဲ့ ကွမ်းယာတဲသာသာ ကောင်တာမှာ ၀င်မေးရင်းနဲ့မှ လက်မှတ်ဝယ်ရမှန်းသိတာ။

အင်ဒီးယန်းအစားအသောက်ဆိုင်ဆိုတာလည်း ကြောငြာထဲမှာသာ ရေးထားတာ တကယ်တန်းကျတော့ အနောက်တိုင်း fast food ဆိုင်တွေ...hot dog တို့ french fries တို့။ ဆန်းဆန်းပြားပြားဆိုလို့ trailer နဲ့ရောင်းနေတဲ့ ကျွဲသား ဘာဂါဘဲရှိတယ်။ ဗိုက်ကလည်းစာနေတာနဲ့ ချေးများမနေနိုင်တော့ဘူး... အဲဒါနဲ့ ရေတစ်ပုလင်းဘဲ မှာသောက်လိုက်တော့တယ်။ 
ကျွဲသားဘာဂါ
ပုံမှာတွေ့တဲ့အတိုင်းပါဘဲ...ဒီဘာဂါကတော့ ကျမ်းမာရေးနဲ့ အရမ်းကို ညီညွတ်သဗျ...အသားပြားကို မကင်ဘဲနဲ့ ကြော်တဲ့အပြင်၊ ပေါင်မုန့်ကိုတောင် deep fried လုပ်လိုက်သေးတယ်။ 

ရေနွေးငွေ့နာရီ
စားသောက်ပြီးတာနဲ့ အပြင်ပြန်ထွက်ပြီးတော့ Steam Clock ကိုဘယ်လိုသွားရမယ်ဆိုတာ ထိုင်နေတဲ့ အဒေါ်ကြီးနှစ်ယောက်ကို မေးလိုက်တယ်။သူတို့ကတော့ ကားစီးရင် ၄၅ မိနစ်လောက်ကြာမယ်တဲ့။ ဒါနဲ့ဘဲ ကျွန်တော်လည်း သူတို့ ညွှန်းတဲ့ကားစီးပြီးတော့ ရေနွေးငွေ့ နာရီစီ ရောက်သွားတယ်။

ရေနွေးငွေ့နာရီနဲ့ပတ်သတ်လို့ အကျဉ်းပြောရရင်ဖြင့် ကမ္ဘာတစ်ဝန်းမှာ ရေနွေးငွေ့နာရီအရေအတွက်ဟာ လက်ချိုးရေလိုရတဲ့ ပမာဏဘဲရှိပါတယ်။ အဲဒီထဲက တော်တော်များများကို ကနေဒီယန် နာရီပညာရှင် (horologist) Raymond Saunders ကတည်ဆောက်ထားတာဖြစ်ပါတယ်။ တစ်ခုကတော့ Japan နိုင်ငံ Otaru မြို့မှာရှိပြီးတော့၊ နောက်တစ်ခုကတော့ US ရဲ့ Indianapolis မှာရှိပါတယ်။ ဒီနာရီကို ကမ္ဘာလှည့်ခရီးသည် ဆွဲဆောင်ဖို့အတွက်ရီရွယ်ပြီးတော့ ၁၉၇၇ ခုနှစ်မှာ အဲဒီပညာရှင်က မွန်းမံပြီးခါစ Gastown မြို့နယ်မှာ တည်ဆောက်ခဲ့ပါတယ်။

နာရီကတော့ အငွေ့တထောင်းထောင်းနဲ့ လမ်းဘေးပလက်ဖောင်းပေါ်မှာပါ။ ဆိုင်းဘုတ်၊အကာအရံ နတ္ထိနဲ့ သာမန်အားဖြင့် မျက်စေ့မှောက်ပြီးတောင် မတွေ့ဘဲဖြစ်နိုင်တယ်။ဒါပေမယ့် ကံကောင်းခြင်တော့ ကျွန်တော်ရောက်သွားတဲ့အချိန်မှာ အစောပိုင်းလေးတင် ၀င်လာတဲ့  တိုးရစ်ကားကြောင့်မို့လို့ လူတွေပြုံခဲနေတာနဲ့ ရှာစရာတောင်မလို အလွယ်တကူတွေ့သွားတယ်။ ဓါတ်ပုံရိုက်မယ်ဆိုတော့ အဲဒီအုံနေတဲ့လူတွေ ပြန်အထွက်ကို စောင့်ပြီးတော့မှ ရိုက်လို့ရတော့တယ်။

နောက်ထပ် ကံကောင်းတာတစ်ချက်က ကျွန်တော် ရောက်တဲ့အချိန်က ငါးနာရီထိုးခါးနီးဆိုတော့ သိပ်ကြာကြာမစောင့်လိုက်ရဘူး တအောင့်နေတော့ ဒီနာရီရဲ့ ငါးချက်တိတိ ဥသြစွဲတာကို ကြည့်ခွင့်ရလိုက်တယ်။ လမ်းတစ်ဖက်မှာတော့ အသစ်ချက်ချွတ် မောင်နှံစုံတွဲ ဓါတ်ပုံရိုက်ဖို့ အပြေးအလွှားလာနေကျလေရဲ့။ ကျွန်တော်လည်း ခဏဖယ်ပေးပြီးတော့၊ ဓါတ်ပုံနည်းနည်းထပ်ရိုက်...ပြီးတာနဲ့ Science World ဘက်ကို လှည့်လာလိုက်တယ်။

ပြဲပုတ်တောင်းလို့ အငွေ့တစ်ထောင်းထောင်းထွက်နေတဲ့ နာရီ
 နာရီသမိုင်းကဗျည်း
 နာရီသမိုင်းကဗျည်း

အစီအစဉ်ကတော့ Science World နားက Aqua bus လို့ခေါ်တဲ့ မော်တော်ဘုတ် တိုက်စီနဲ့ မြို့လယ်ခေါင်နဲ့ မြို့ပြင်ကိုပိုင်ထားတဲ့ False Creek ရေလက်ကြား တစ်လျှောက် လျှောက်ကြည့်ရင်း ဒီရေလက်ကြားထဲက Granville ကျွန်းကို သွားဖို့ပါဘဲ။ရောက်တဲ့အချိန်က မော်တော်တစ်စီး ထွက်ပြီးခါစ အချိန်ဆိုတော့ နောက်တစ်စီးအတွက်ကို မိနစ်၂၀လောက် စောင့်လိုက်ရတယ်။ မော်တော်လာတော့ မော်တော်ဆရာစီမှာဘဲ အသွားအပြန်လက်မှတ်ဝယ်လိုက်တယ်။ False Creek ကတော့ လှတော့လှသားဗျ....ကမ်းခြေတစ်လျှောက်မှာ ဆောင်းအိုလံပစ်တုန်းက ဆောက်ထားတဲ့ ကွန်ဒိုအသစ်တွေ....ပင်လယ်ဝမှာနားထားတဲ့ ကော်န်တိန်နာသင်္ဘောကြီးတွေနဲ့။
မော်တော်ဘုတ်မှတ်တိုင်နား


Granvillie ကျွန်း
ဒီကျွန်းက False Creek ရေလက်ကြားထဲက ကျွန်းမြောင်လေးပါ။ မော်တော်ဘုတ်နဲ့သွားလို့ရသလို၊ Granville Street bridge ကိုဖြတ်ပြီးတော့ ကားနဲ့လည်းသွားလို့ရပါတယ်။ အရင်က စက်မှုဇုန်ဆိုပေမယ့် အခုတော့ ဈေးတွေ ဟော်တွေနဲ့ ကမ္ဘာလှည့်ခရီးသွားတွေ လည်ပတ်တဲ့နေရာတစ်နေရာအဖြစ်ပြောင်းလဲသွားပါပြီ။

 Granville Street bridge

 
ကျွန်တော်ရောက်သွားတဲ့အချိန်က ၆နာရီထိုးလုနေပြီဆိုတော့ ဆိုင်တွေသိမ်းစပြုနေပြီ။ ဗိုက်လည်းစာလာတာနဲ့ ဈေးတန်းထဲက မက္ကစီကို fast food မှာစားလိုက်တယ်။
 အစားအသောက်ဆိုင်တန်း
မက္ကစီကို fast food ဆိုင်
Enchilada
(ပဲထမင်း၊ကြက်ငရုတ်သီးချက်အစာသွတ်ပြောင်းဖူးမှုန့်နံပြားလိပ်၊ပဲနပ်၊ခရမ်းချဉ်သီးချက်၊ဒိန်ချဉ်၊ထော်ပတ်သီးsauce)

ကမ်းခြေသင်္ဘောဂိတ်မှာတော့ ကိုယ်ပိုင်သင်္ဘောတွေပေါ်မှာ ဘာဘီကူလုပ်စားနေတဲ့သူနဲ့၊ဇိမ်ယူနေတဲ့သူနဲ့...သင်္ဘောတစ်စီးပေါ်မှာတော့ ဖျော်ဖြည်ရေးကလည်းရှိသေးဗျ... ပြင်သစ်လင်မယားနှစ်ယောက် သဘောင်္ပေါ်မှာ စပီကာတွေနဲ့၊ သီချင်းတွေဖွင့်ပြီး ဂျွန်းဘားကပြနေတယ်။


ညနေအတော်လေးစောင်းတော့ Science World ကနေတစ်ဆင့် Skytrain၊ ဘတ်စ်ကားနဲ့ အဆောင်ပြန်လာလိုက်တယ်။ ပြန်ရောက်တော့ ည၈နာရီဝန်းကျင်လောက် ရှိနေပြီပေါ့ဗျာ။ Check-in လုပ်အထုတ်စွဲပြီး၊ အခန်းရှိတဲ့ ၃ထပ်မြောက်ကို တက်သွားလိုက်တယ်။

Sky Train ဘူတာရုံ

Sky Train အတွင်းပိုင်း

အခန်းကတော့ ခပ်မှောင်မှောင်ဘဲ...အစွန်ဆုံးမှာ မှန်ပြူတင်းပေါက်တစ်ပေါက်နဲ့။ ကုတင်ကတော့ နှစ်ထပ်ကုတင်နှစ်လုံးကို ခြေရင်းခေါင်းရင်း စီထားပြီးတော့ ကြားမှာသစ်သားပြားလိုဟာမျိုးနဲ့ကာထားတယ်။ ကျွန်တော်ကတော့ ပြူတင်းပေါက်နဲ့ ကပ်ရပ် အပေါ်ကုတင်ကျတယ်။ ဘေးနာမှာတော့ စာကြည့်စားပွဲတစ်လုံးရယ်၊ လူလေးယောက်အတွက် ပစ္စည်းထည့်ဖို့အတွက် Locker လေးလုံး..နောက်ပန်ကာတစ်လုံး။ 

ကျွန်တော့အရင် ကိုရီးယားနှစ်ယောက်တော့ ရောက်နှင့်နေတယ်။ ကျွန်တော်လည်း နှုတ်ဆက်လိုက်ပြီးတော့ စကားသိပ်ပြောခြင်ပုံမပေါ်တာနဲ့ ရေချိုးဖို့ပြန်ထွက်လာလိုက်တယ်။ ကိုယ့်အထပ်မှာရှိတဲ့ ရေချိုခန်းကလည်း  ပြင်နေတာနဲ့ အောက်တစ်ထပ်က ရေချိုးခန်းမှာ သွားရေချိုးရတယ်။ ရေမိုးချိုး အ၀တ်လျှော်ပြီး အိပ်ယာဝင်လိုက်တယ်။

2 comments:

  1. အနော့် ကွန်မန့်တွေပျောက်သွားတယ်

    ReplyDelete
    Replies
    1. ကချမ်းရေ ကျွန်တော် မဖျက်

      Delete